အထည်ချုပ်လုပ်ငန်းတွင် Assessment Center များတိုးမြှင့်တည်ထောင်ရေး၊ Assessor များ ပိုမိုမွေးထုတ်ပေးရေးနှင့် CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အလုပ်သမားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး တက်ရောက်

IMAGE

အထည်ချုပ်လုပ်ငန်းတွင် Assessment Center များတိုးမြှင့်တည်ထောင်ရေး၊ Assessor များ ပိုမိုမွေးထုတ်ပေးရေးနှင့် CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

        အစည်းအဝေးသို့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ဆပ်ကော်မတီအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး၊ ပြည်နယ် (၉) ခု ရှိ CMP လုပ်ငန်းများ မြေပြင် ကွင်းဆင်းစစ်ဆေး ရေး အဖွဲ့ဝင်များနှင့် လှိုင်သာယာ စက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်၊ မင်္ဂလာဒုန်စက်မှုဇုန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်းတို့မှ ဥက္ကဋ္ဌများ၊ အထည်ချုပ်လုပ်ငန်းရှင်များ အပါအဝင် လူကိုယ်တိုင် ၂၀ ဦး၊ Online မှ ၈၉ ဦး၊ စုစုပေါင်း ၁၀၉ ဦး တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေးတွင်  CMP  လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးမှ ၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာလတွင် CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ဆပ်ကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် ၉ ခုရှိ CMP လုပ်ငန်းများ မြေပြင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ တင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ ကာလနှင့် လက်ရှိ အခြေအနေ တွင် CMP လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အချို့သောစက်ရုံများသည် ကုန်ကြမ်းများ ပြတ် တောက်ခြင်း၊ အမှာစာများ မရရှိခြင်း၊ ဝင်ငွေ လျော့နည်းကျဆင်းခြင်းတို့ကြောင့် စက်ရုံ များ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အားလျော့ချခြင်းများ ရှိသကဲ့ သို့ စက်ရုံအသစ်ဖွင့်လှစ်ခြင်း၊ ပြန်လည်ဖွင့်လှစ်ခြင်းများလည်းရှိကြောင်း၊

        CMP လုပ်ငန်းများသည် အခွန်ကင်းလွတ်ခွင့်ရရှိပြီး လုပ်သား အခြေပြု အလုပ် အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်သည့် လုပ်ငန်းဖြစ်ကြောင်း၊ ထုတ်ကုန်များ ကို အရည်အသွေးမီ အချိန်မီ ထုတ်လုပ်တင်ပို့နိုင်ခြင်းအားဖြင့် စက်ရုံ၏ ပုံရိပ်ကို ကောင်းမွန်စေပြီး လုပ်ငန်းရှင်များနှင့် အလုပ်သမားများအတွက် အပြန်အလှန် အကျိုး ပြုနေကြောင်း၊ ကျွမ်းကျင်လုပ်သားများစွာ ပြုစုပျိုးထောင်ပေးခြင်းဖြင့် ကုန်ထုတ် စွမ်းအား တိုးတက်ရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးကို များစွာအထောက်အကူ ဖြစ်စေကြောင်း။

        CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီများအနေဖြင့် မိမိလုပ်ငန်းတာဝန် အရ စည်းကြပ်ရန်လိုအပ်သည့် CMP လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး၊ အမှာစာ ရရှိမှုနှင့်အတူ ကုန်ကြမ်းတင်သွင်းမှု၊ ကုန်ချောပစ္စည်းများ မှန်ကန်စွာ တင်ပို့နိုင်ရေး၊ ထုတ်လုပ်ပြီး ကုန်ပစ္စည်းများ Reject လျော့နည်းစေရေး၊ စာရင်းဇယားများ စနစ်တကျ ထားရှိရေး၊ တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး စသည်တို့ကို အလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊

CMP ကုန်ကြမ်းတင်သွင်းရာတွင် ဖြေလျှော့ပေးမှုများရှိကြောင်း၊  အမျိုးသားအထည် လိပ်မူဝါဒကို သက်ဆိုင်ရာဦးစီးဌာနမှ ရေးဆွဲအတည်ပြုပြီး ဖြစ်၍ မကြာမီ အတည်ပြု ထုတ်ပြန် ပြီးပါက CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းနိုင်မည့် အခွင့်အလမ်းအသစ်များ ရရှိနိုင် မည်ဖြစ်ကြောင်း၊ CMP လုပ်ငန်းများမှ ချေဖျက်စွန့်ပစ်ရန် လေလွင့်ပစ္စည်းများကို ထုတ်လုပ်သော ကုန်ပစ္စည်းအမျိုးအစားနှင့် ကုန်ကြမ်းပစ္စည်းပေါ်မူတည်၍ သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီ၏ အထောက်အထားများ ရယူပြီး တင်သွင်းကုန်ပစ္စည်းများမှ နုတ်ယူခွင့်ပြုလျက်ရှိ ကြောင်း။

          ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် CMP လုပ်ငန်းများ မြေပြင်ကွင်း ဆင်းစစ်ဆေးရေးအဖွဲ့များသည် စက်ရုံ၊ အလုပ်ရုံများတွင် သွင်းကုန်၊ ထုတ်ကုန်များနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရန်လိုပြီး စာရင်းဇယားမှန်ကန်မှုရှိရေး လစဉ် အစည်းအဝေး ပြုလုပ်ခြင်း၊ စီမံချက်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း။               

CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်လုပ်မှု မြင့်မားရေး၊ အငြင်းပွားမှု လျော့နည်းစေရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ အပြန်အလှန် ယုံကြည်လေးစား၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းရမည်ဖြစ်ကြောင်း၊  အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အစည်းအဝေးများကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ၃ ကြိမ် တိုင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း အဖွင့်မှာကြားသည်။

ဆက်လက်၍   CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Power Point ဖြင့် ရှင်းလင်းတင်ပြ၍  တက်ရောက်လာသူများက အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်၏ ကဏ္ဍစုံတွင် Skill Labour များ မွေးထုတ်ပေးရန် လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးလျက်ရှိရာ အထည်ချုပ်အလုပ်အကိုင်တွင် NSSA အသိအမှတ်ပြု အထည်ချုပ်လုပ်သား ၅၃၀၀ ကျော်၊  Inspector နှင့်  Assessor ၃၀ ဦးသာရှိ၍ အထည်ချုပ်စက်ရုံ အရေအတွက်နှင့် လုပ်သားဦးရေ၊ NSSA လက်မှတ်ရ ကျွမ်းကျင်လုပ်သားဦးရေကို အချိုးချ ကြည့်ပါက အဆပေါင်းများစွာ ကွာခြားမှုကို တွေ့မြင်နိုင်ကြောင်း။

  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အထည်ချုပ် အလုပ်အကိုင်ကို အဓိက ဦးစားပေးပြီး Assessment Center များ တိုးချဲ့တည်ထောင်ရေး Chief Assessor Assessor များ Inspector များ ပိုမိုမွေးထုတ်နိုင်ရေး၊  အလုပ်ရှင်၊ အလုပ်သမားများမှ  အလေးထား ပူးပေါင်းဆောင်ရွက် ပေးရန်လိုကြောင်း၊ Assessment Center  တည်ထောင်ထားသော အထည်ချုပ်စက်ရုံများနှင့် Assessor များက စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များတွင် မဖြစ်မနေ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မခွဲ ၃၀ က အရ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်း၏ အလုပ်ရှင်သည် ယင်းအဆင့်အောက်ရှိ အလုပ်သမားများအား ပေးချရသည့် စုစုပေါင်းလုပ်ခ လစာ၏ သုညဒဿမ ငါးရာခိုင်နှုန်းအောက် မနည်းသော ငွေကို ရန်ပုံငွေသို့ ထည့်ဝင်ကြေးအဖြစ် လစဉ် မပျက်မကွက် ပေးသွင်းရမည်ဟု ပြဋ္ဌာန်းထားခြင်းကြောင့် သင့်တော်သည့်အချိန် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်သား ၁၀၀၀ ဦးနှင့်အထက်ရှိသော အထည်ချုပ်စက်ရုံများမှ  Assessment Center  တည်ထောင်မှုကို ဦးစားပေး ဆောင်ရွက်ပေးရန်နှင့် စက်ရုံ ၁ရုံလျှင် Chief Assessor ၁ ဦးနှင့် Assessor  ၅ ဦး၊ ပေါင်း ၆ ဦးနှုန်း မွေးထုတ်ပေးနိုင်ရန် Assessor Methodology Training ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသော သင်တန်းသားများ စေလွှတ်ပေးနိုင်ရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။