Test Items Database

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့သည် မြန်မာလုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအလုပ်အကိုင်အလိုက် လုပ်ငန်းခွင်အတွင်းရှိ လုပ်သားများကို အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် Knowledge Test (စာတွေ့ စစ်ဆေးခြင်း) နှင့် Practical Test (လက်တွေ့စစ်ဆေးခြင်း) ခွဲခြား၍ စစ်ဆေးလျက်ရှိရာ စစ်ဆေးအကဲဖြတ်နေသော အလုပ်အကိုင် (၂၃) မျိုး မေးခွန်းများကို ယခင်က Paper Work ဖြင့်  ဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် Test Item Database အသုံးပြုပြီး စစ်ဆေးအကဲဖြတ်လျက်ရှိပါသည်။

ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုသည့်မေးခွန်းများ စနစ်တကျထားရှိနိုင်ရန်၊ မေးခွန်းများ တိကျခိုင်မာမှုရှိစေရန်၊ မေးခွန်းများ အသုံးပြုရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်၊ မေးခွန်းများ သိမ်းဆည်းထားသည့် Test Item Bank တစ်ခုဖြစ်ပြီး အသုံးပြုခဲ့သည့် မေးခွန်းများကို မှတ်တမ်းထားရှိနိုင်ပြီး ပြောင်းလဲနေသည့် လုပ်ငန်းခွင်နှင့် ကိုက်ညီနိုင်စေရေး Update ပြုလုပ်နိုင်ရန် ရည်ရွယ်၍ Test Item Database ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ Test Item Database ဆောင်ရွက်ရခြင်းသည် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတခုဖြစ်သော e-government ကူးပြောင်းရာတွင် ပါဝင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ် တခုလည်းဖြစ်ပါသည်။ နောင်လာမည့်ကာလများတွင် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရာ၌ NSSA အသိအမှတ်ပြုလက်မှတ်ရရှိရန် ဝင်ရောက်ဖြေဆိုမည့် အစိုးရ၊ ပုဂ္ဂလိက သက်မွေးပညာသင်တန်းကျောင်းများမှ သင်တန်းဆင်းများကို ဦးစားပေး၍ ရေးဖြေစာမေးပွဲများကို Online Assessment သို့မဟုတ် Computer Based Test ဖြင့် စစ်ဆေးရန် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နောင်တွင် Level 3 မှ စ၍ Online Assessment သို့မဟုတ် Computer Based Test ဖြင့် စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်သည်။