အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

၁။      မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority- NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၂၇-၁-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် ရန်ကုန်မြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီများ၊ ကျွမ်းကျင် မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သားများ၊ Assessment Center တာဝန်ခံများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း (၂၅၂) ဦး တက်ရောက်ခဲ့ပါသည်။

၂။       အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ ဖြေဆို အောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား (၆၅၀) ဦးနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၁) ခု တို့အား အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေး အပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၃။      NSSA သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဖြေဆိုသူ ၅,၀၀၀ ဦး ပြည့်မီအောင် စစ်ဆေးအကဲဖြတ်နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့်အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်အလိုက် Assessment Center များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်း စဉ်တွင် ဝင်ရောက်ဖြေဆိုသူ ၄,၁၉၂ ဦးတွင် ၃,၉၉၉ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ပြီး အလုပ် အကိုင်အသစ်များအနေဖြင့် ကညစ်ယွန်းလုပ်သား ကျွမ်းကျင်အဆင့် (၁) နှင့် မော်တော်ယာဉ် စက်ပြင် ကျွမ်းကျင်အဆင့် (၂) အလုပ်အကိုင်များ၊ Welder (MAW) Level-3 နှင့် အကူသူနာပြု ကျွမ်းကျင်အဆင့် (၂) အလုပ်အကိုင်တို့ကို ထပ်တိုးစစ်ဆေးအကဲဖြတ်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

၄။      NSSA အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်လုပ်ငန်းကဏ္ဍအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပိုမိုထုတ်ပေးနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်များရှိ လုပ်သား ၁၀၀၀ ဦးနှင့်အထက်ရှိ အထည်ချုပ် စက်ရုံများနှင့် လုပ်သား ၅၀၀ ဦးနှင့်အထက်ရှိ အထည်ချုပ်စက်ရုံများတွင် Assessment Center များ တိုးမြှင့်တည်ထောင်နိုင်ရန် သက်ဆိုင်ရာ စက်မှုဇုန်ဥက္ကဌများ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများစက်ရုံများနှင့်ပူးပေါင်း၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၅။      ထို့အပြင် အထည်ချုပ်စက်ရုံများမှ Supervisor များကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးလုပ်ငန်းစဉ်များတွင် Assessor အဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှ စက်တင်ဘာလအတွင်း Assessor Methodology Training သင်တန်း (၅) ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းကဏ္ဍအလိုက် သင်တန်းသား ၄၉၄ ဦးအတွက် Assessor Methodology Training ကို (၁၀) ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ NSSA အနေဖြင့် လက်ရှိအချိန်အထိ အသိအမှတ်ပြုပြီးသည့် Assessor ၆၁၈ ဦးအနက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း ၆၁ ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ပြီး အထည်ချုပ်အလုပ်အကိုင်အတွက် ကျွမ်းကျင် အဆင့်-၁ (၃၀) ဦး၊ ကျွမ်းကျင်အဆင့်-၂ (၅) ဦးတို့ကို Assessor အဖြစ် အသိအမှတ်ပြုပေးနိုင်ခဲ့ ကြောင်း သိရှိရသည်။

၆။      NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလထိ အလုပ်အကိုင် ၃၅ မျိုးအတွက် ကျွမ်းကျင်အဆင့် (၁) ဖြေဆိုသူ ၂၁,၅၂၀ ဦးတွင် ၁၉,၆၄၆ ဦး၊ ကျွမ်းကျင်အဆင့် (၂) ဖြေဆိုသူ ၁,၃၇၈ ဦးတွင် ၁,၂၅၃ ဦး၊ ကျွမ်းကျင်အဆင့် (၃) ဖြေဆိုသူ ၅ ဦးတွင် ၅ ဦး၊ စုစုပေါင်း ၂၂,၉၀၃ ဦးကို စစ်ဆေးပေးခဲ့ရာတွင် ၂၀,၉၀၄ ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၁၅) ခုကို တည်ထောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။