ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲ အခမ်းအနား

၂၀-၂-၂၀၂၃ ရက်နေ့တွင် ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပသည့် ကျန်းမာရေးဝန်‌ဆောင်မှု လုပ်ငန်းကဏ္ဍအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အသိပညာပေးပွဲသို့ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် သန်း၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ အတွင်းရေးမှူး၊ ကျန်းမာရေးဝန်ဆောင်မှု အလုပ်အကိုင်အတွက် NSSA အသိအမှတ်ပြု Chief Assessor များ၊ အကူသူနာပြုအလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန များမှ တာဝန်ခံများ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သော လုပ်ငန်းရှင် များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့သည်။

ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နှင့်အညီ "လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ စက်ရုံများ မှတ်ပုံတင်ရေးနှင့် SME လုပ်ငန်းများ စနစ်တကျ ရှိစေရေး" လုပ်ငန်းစီမံချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ NSSA ကို ၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် အရည်အချင်း မူဘောင်အဆင့် (၄) ဆင့်သတ် မှတ်ကာ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီ (၁၆) ခု ဖွဲ့စည်းပြီး အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု "စံ" များ ရေးဆွဲသတ်မှတ်အတည်ပြုလျက်ရှိကြောင်း၊ NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့ကို စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်ထိ အလုပ်အကိုင် (၃၅) မျိုး အတွက် စစ်ဆေးအကဲဖြတ်ရေးဌာန (၂၁၅) ခုနှင့် ကျွမ်းကျင်လုပ်သား (၂၁,၄၅၇) ဦးကို အသိ အမှတ်ပြုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ဟိုတယ်စားပွဲထိုး လုပ်သား၊ အိပ်ခန်းဆောင်လုပ်သား၊ အုတ်စီလုပ်သား၊ အဆောက်အဦလက်သမား၊ အထည်ချုပ်၊ လျှပ်စစ်၊ ဂဟေဆက်၊ လေအေးပေးစက်၊ အကူသူနာပြုစသည့် အလုပ်အကိုင် (၁၀) မျိုးအတွက် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၁၄) ခုကို အသိအမှတ်ပြု ပေးနိုင်ခဲ့ကြောင်း၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) ရှိ Nurse Aide Level-2 စစ်ဆေး အကဲဖြတ်ရေးဌာနသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပထမဆုံးအသိအမှတ်ပြုထားသော စစ်ဆေးအကဲဖြတ်ရေးဌာနဖြစ်ကြောင်း၊ Nurse Aide Level-2 နှင့် Elderly Care Level-2 အလုပ် အကိုင်တို့အတွက် Inspector (၂) ဦးစီနှင့် Assessor (၁၁) ဦးစီကို အသိအမှတ်ပြုပေးခဲ့ကြောင်း၊ NSSA မှ ရေးဆွဲအတည်ပြုထားသော ကျွမ်းကျင်မှု “စံ” အခြေပြု သင်ရိုးညွှန်းတမ်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးနိုင်ရန် NSSA အသိအမှတ်ပြုသင်တန်းကျောင်း လျှောက်ထားလာမှုအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိရာ လက်ရှိအချိန်ထိ NSSA အသိအမှတ်ပြုသင်တန်းကျောင်း (၁၁) ကျောင်းကို အသိအမှတ်ပြုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီသည် ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု “စံ” များ ရေးဆွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲခြင်း၊ လေ့ကျင့်သင်ကြားခြင်းနှင့် ကျွမ်းကျင်မှုစစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အလုပ်အကိုင်များသည် သက်ရှိ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမောရေးကောင်းမွန်စေရန် ပြုစု စောင့်ရှောက် ပေးရသည့် အလုပ်ဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်သူများ၏ ကျွမ်းကျင်မှု အရည်အသွေးပြည့်ဝခြင်းနှင့် သတ်မှတ် “စံ” နှုန်းများနှင့် ကိုက်ညီသော စိတ်ချယုံကြည်ရသည့် ပြုစုစောင့်ရှောက်ပေးမှုဖြစ်စေရန် လွန်စွာအရေးကြီးကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ အလုပ်အကိုင် (၆) မျိုးဖြစ်သည့် အကူသူနာပြု၊ သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက် သူ၊ ဓာတ်ခွဲကျွမ်းကျင်လုပ်သား၊ မျက်မှန်ကျွမ်းကျင်လုပ်သား၊ ဆေးဝါးကျွမ်းကျင်အကူ၊ ဓာတ်မှန် ကျွမ်းကျင်လုပ်သားတို့ကို ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ဆုံးဖြတ်ခဲ့ပါကြောင်း၊ ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များ၏ ကျွမ်းကျင်မှု “စံ” သတ်မှတ်နိုင်ရေး Operational Steps for Competency Assessment အဆင့် (၈) ဆင့်ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ အကူသူနာပြုနှင့် သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်သူအလုပ်အကိုင်တို့ကို NSSA အသိအမှတ်ပြု သင်ရိုး ညွှန်းတမ်းများဖြင့် Level-2 (Skilled Worker) အဆင့် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် တွင် ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း (Trial Test) များ ပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အကူ သူနာပြု (Leve-2) အလုပ်အကိုင်အတွက် အမျိုးသားအဆင့်ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (Accrediated Assessment Center) နေပြည်တော်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အကူသူနာပြု Level-2 အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်၍ NSSA အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဓာတ်ခွဲကျွမ်းကျင်လုပ်သား နှင့် မျက်မှန်ကျွမ်းကျင်လုပ်သား အလုပ်အကိုင်တို့အတွက် ကျွမ်းကျင်မှု “စံ” များရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  အကူသူနာပြုနှင့် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူ အလုပ်အကိုင်တို့တွင် Level-3 နှင့် Level-4 အတွက် Criteria များ သတ်မှတ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NSSA တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ကျော်လွင်က NSSA ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျွမ်းကျင် မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ကိုဝင်းက စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များ၊  အကူသူနာပြုအလုပ်အကိုင်မှ Chief Assessor (၁) ဦး၊ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်သူအလုပ်အကိုင်မှ Chief Assessor (၁) ဦး၊ အကူသူနာပြုအလုပ်အကိုင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံ၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင် (၁) ဦး၊ အကူသူနာပြုအလုပ်အကိုင်တွင် ဝင်ရောက်ဖြေဆို အောင်မြင်ထားသူ (၁) ဦးတို့က ဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့မှုအပေါ် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး အကူသူနာပြုအလုပ်အကိုင်အတွက် ကျွမ်းကျင် လုပ်သားများအဖြစ် အသိအမှတ်ပြုနိုင်ရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများ ပိုမိုတည် ထောင်နိုင်ရေးနှင့် စစ်ဆေးအကဲဖြတ်ရေး၊ သက်ကြီးရွယ်အို ကျန်းမာရေးစောက်ရှောက်သူ အလုပ်အကိုင်အတွက် စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။