ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲ

ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍအတွက် ကျမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အသိပညာပေးပွဲကို ၃၁-၅-၂၀၂၃ ရက်နေ့၊ နံနက် (၁၀: ၀၀) နာရီတွင် အလုပ်သမား ဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဇေယျာထွန်း၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority - NSSA) မှ တာဝန်ရှိသူ များ၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များ၊ Chief Assessor၊ Assessor များ၊ လုပ်ငန်းရှင် များ၊ NSSA အသိအမှတ်ပြုသင်တန်းကျောင်းများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံ များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြုသင်တန်းကျောင်းများ၊ သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ Online မှ တက်ရောက်ကြသူများ အပါအဝင် စုစုပေါင်း (၁၉၅) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်        ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ အတွက် Mutual Recognition of Skills ဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ သည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ASEAN   MRA-TP ကဲ့သို့ အပြန်အလှန်အသိအမှတ်ပြုနိုင်သည့် မူဘောင်အထိ ရည်မှန်းဆောင်ရွက်မည့် NSSA ၏ ရည်မှန်းချက်များနှင့်အညီ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီအနေဖြင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဇေယျာထွန်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏  ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အဆိုပါ စီမံကိန်းများအား ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံသားများ အတွက် ရရှိမည့် အကျိုးရလဒ်များကိုလည်းကောင်း၊ NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ NSSA တွဲဖက်အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်ကလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွင် NSSA နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ASEAN MRA-TP နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ကျွမ်းကျင်မှု မူဘောင်များနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်ကလည်းကောင်း၊  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြမြသက်ကလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားအလုပ်အကိုင်များဖြစ်သည့် Room Attendant အလုပ်အကိုင်နှင့် Waiting Staff အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းကို လက်တွေ့သရုပ်ဖော် ပြသခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းမှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား၍ နေ့လယ် (၁၂: ၀၀) နာရီတွင် အခမ်းအနားကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။