ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု

GIZ နှင့် ပူးပေါင်းဆောင်ရွက်မှု

Skills Development for Vulnerable Youth in Rakhine State (SDY) Project ပူးပေါင်းဆောင်ရွက်မှု

၁။      ဂျာမန်ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) သည် မြန်မာနိုင်ငံ လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့လုပ်သားဈေးကွက်နှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားများရရှိစေရန် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်အတွက် ၂၀၁၃ ခုနှစ်မှစ၍ နည်းပညာနှင့် ငွေကြေးအကူအညီပေးခဲ့ပါသည်။

၂။       အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် GIZ နှင့် ပူးပေါင်း၍ ရခိုင်ဒေသအတွင်း အခြေခံ လူနေမှုနောက်ခံအားနည်းသော လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန် ရည်ရွယ်၍ Skills Development for Vulnerable Youth in Rakhine State (SDY) Project ဆောင်ရွက်ရန် Implementation Agreement ကို ၇-၉-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

၃။      သက်မွေးပညာရပ်များ သင်ကြားပို့ချရာတွင် ဒေသတွင်းလုပ်သားလိုအပ်ချက်နှင့် ကိုက်ညီသောသင်တန်းများကို မိတ်ဖက်ဝန်ကြီးဌာနများဖြစ်သည့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

၄။      SDY Project အရ ရခိုင်ပြည်နယ်၊ စစ်တွေနှင့် ကျောက်တော်မြို့များတွင် ပြည်နယ်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ CSO, INGOs တို့နှင့်ပူးပေါင်း၍ လျှပ်စစ်သင်တန်း၊ ဂဟေဆက်သင်တန်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း၊ အခြေခံကွန်ပျူတာသင်တန်း၊ အဲကွန်းနှင့် ရေခဲသေတ္တာပြုပြင် ထိန်းသိမ်းခြင်းသင်တန်း၊ ပိုက်ဆက်ပိုက်ပြင်သင်တန်း၊ အုတ်စီသင်တန်း၊ ဆံပင်နှင့် မိတ်ကပ်အလှပြင်သင်တန်းများအပါအဝင် ဒေသတွင်းလိုအပ်ချက်နှင့် ကိုက်ညီသော သက်မွေးသင်တန်းများကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၃၁-၃-၂၀၂၀ ရက်နေ့ထိ သင်တန်းသား (၂၉၀၃) ဦး ပို့ချခဲ့ပြီးဖြစ်ပါသည်။

၅။      SDY Project ပထမစီမံကိန်းကာလသည် ၃၁-၃-၂၀၂၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးခဲ့သဖြင့် ဒုတိယစီမံကိန်းကာလကို ၁-၄-၂၀၂၀ ရက်နေ့မှ ၃၀-၃-၂၀၂၃ ရက်နေ့ထိ ဆောင်ရွက်ရန် Implementation Agreement (မူကြမ်း) ကို လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၂၀) မှ ခွင့်ပြုပြီးဖြစ်၍ စီမံကိန်း ကာလအတွင်း အလျား ၈၀ ပေ၊ အနံ ၆၀ ပေ အကျယ်အဝန်းရှိ ဘက်စုံသုံးသင်တန်းကျောင်း ဆောက်လုပ်မည်ဖြစ်ပါသည်။

Concerning Skills for Employment in Northern Shan State (SENS) Project) Implementation Agreement အရ ပူးပေါင်းဆောင်ရွက်မှု

၁။      ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းရှိ နေရပ်စွန့်ခွာသူများနှင့် လူမှုအသိုင်းအဝိုင်းရှိ အခြေခံလူနေမှုနောက်ခံအားနည်းသော လူငယ်များ အထူးသဖြင့် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်လာနိုင်စေရန် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိရန် ရည်ရွယ်၍ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင်း ကျွမ်းကျင်မှုအခြေပြုအလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကူအညီပေးရေးစီမံကိန်း (Concerning Skills for Employment in Northern Shan State (SENS) Project) Implementation Agreement ကို ၁-၁၀-၂၀၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး လားရှိုးမြို့နယ်၊ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် IDP Camp များမှ တိုင်းရင်းသားများကို လျှပ်စစ်သွယ်တန်းသင်တန်း၊ ပန်းကြယ်သီးထိုးသင်တန်းနှင့် ပန်းရံ သင်တန်းများကို (၁၂-၃-၂၀၂၀) ရက်နေ့မှ (၁၇-၃-၂၀၂၀) ရက်နေ့ထိ စုစုပေါင်းသင်တန်းသား (၁၂၂) ဦးကို Mobile Training ပို့ချနိုင်ခဲ့ပါသည်။

၂။       SENS Project သည် စီမံကိန်းကာလအတွင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြို့နယ်ရုံး (လားရှိုး) တွင် လုပ်သားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများပို့ချရန်၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရန်နှင့် အလုပ်အကိုင်ရှာဖွေ၍ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်အတွက် ကာလတန်ဖိုး (၁၀၆,၅၅၂,၅၆၀) ကျပ်ရှိ အလျား ၆၀ ပေ၊ အနံ ၄၀ ပေရှိ နှစ်ထပ်အဆောက်အဦကို‌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်အတွင်း ဆောက်လုပ်မည်ဖြစ်ပါသည်။ လက်ရှိတွင် COVID 19 ကပ်ရောဂါကြောင့် သင်တန်းပို့ချမှုများကို ရပ်နားထားပါသည်။

Swisscontact နှင့် ပူးပေါင်းဆောင်ရွက်မှု

၁။         Swisscontact နှင့်ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှု အတတ်ပညာဖွံ့ဖြိုးမှုအစီအစဉ် (Vocational Skills Development Program - VSDP) အရ ကျေးလက်အခြေပြုသင်တန်း (Local Vocational Training) များကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသောဒေသများ၊ ပဋိပက္ခများကြောင့် ထိခိုက်နစ်နာခဲ့သော တိုင်းရင်းသားများအတွက် ရည်ရွယ်၍ ပထမအကြိမ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာဖွံ့ဖြိုးမှုအစီအစဉ် (Vocational Skills Development Program-VSDP) (2015-2018) ကို ၂၄-၃-၂၀၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ကျေးလက်စက်ပြင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းသင်တန်း၊ ဆံပင်နှင့် မိတ်ကပ်အလှပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ ပိုက်ဆက်ပိုက်ပြင်သင်တန်း၊ ပန်းရံသင်တန်းနှင့် အရောင်းစာရေးသင်တန်းများကို ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်၊ မတ်လထိ (Phase 1) ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ဒေသခံသင်တန်းသား ကျား (၂၀၄၁) ဦး၊ မ (၁၉၁၄) ဦး၊ စုစုပေါင်း (၃၉၅၅) ဦး ပို့ချခဲ့ပါသည်။

၂။       ဒုတိယအကြိမ်အသက်မွေးဝမ်းကျောင်းဆိုင်ရာအတတ်ပညာဖွံ့ဖြိုးမှုအစီအစဉ် (VSDP) (2018-2022) ကို ၇-၉-၂၀၁၈ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ပြီး၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လထိ (Phase 2) ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၌ ဒေသခံသင်တန်းသား ကျား (၁၀၅၇) ဦး၊ မ (၁၁၂၉) ဦး၊ ပေါင်း (၂၁၈၆) ဦး ပို့ချပေးခဲ့ပြီး သင်တန်းများ ဆက်လက်ပို့ချနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် COVID 19 ကပ်ရောဂါကြောင့် သင်တန်းပို့ချမှုများကို ရပ်နားထားပါသည်။

၃။      Swisscontact သည် ၂၀၁၉ ခုနှစ်တွင် Swiss Devlopment Cooperation (SDC) မှ ချမှတ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဆွဇ်ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ (၂၀၁၉-၂၀၂၃) အရ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူမှုစီးပွားဖွံ့ဖြိုးရေးကို ဦးတည်၍ အဓိကထား ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာ ဖွံ့ဖြိုးမှုအစီအစဉ် ဒုတိယအဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်သည့် စီမံကိန်းနယ်မြေများဖြစ်သော မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းအား စီမံကိန်းနယ်မြေအဖြစ် ထပ်မံတိုးချဲ့ မည်ဖြစ်ပါသည်။

၄။      Swisscontact သည် NSSA ၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး မေးခွန်းများအား ကွန်ပျူတာစနစ်ဖြင့် Test Item Database သွင်းခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်ခဲ့ရာ အလုပ်အကိုင် ၄၃ မျိုးအတွက် ရေးဖြေ၊ လက်တွေ့ မေးခွန်းပေါင်း (၄၃၀၆) ခု အား ကွန်ပျူတာစနစ်သို့ ရေးသွင်းနိုင်ခဲ့ပါသည်။

အောင်မြင်မှုစီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်မှု

၅။      အောင်မြင်မှုစီမံကိန်းနှင့် ပူးပေါင်း၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ) တွင် အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများအတွက် ကျွမ်းကျင်မှုများနှင့် အသိအမှတ်ပြုလက်မှတ်ရရှိရန်နှင့် အထည်ချုပ်သင်တန်းများပို့ချရန် ၁၇-၉-၂၀၁၇ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ပြီး အောင်မြင်မှုသင်တန်းကျောင်း ဖွင့်လှစ်ခဲ့ပြီး ပထမစီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်နေ့အတွင်း အထည်ချုပ် အလုပ်အကိုင်ဆိုင်ရာ သင်တန်းသား (၃၂၇၉) ဦး မွေးထုတ်ခဲ့ပါသည်။

၆။      ဒုတိယစီမံကိန်းကာလမှာ ၁-၆-၂၀၁၉ ရက်နေ့မှ ၃၀-၆-၂၀၂၁ ရက်နေ့ထိဖြစ်၍ ၁၄-၁၁-၂၀၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ၃/၂၀၂၀ ထိ အထည်ချုပ်သင်တန်းသား (၁၃၈၄) ဦး မွေးထုတ်ခဲ့ပါသည်။ လက်ရှိတွင် COVID 19 ကပ်ရောဂါကြောင့် သင်တန်းပို့ချမှုများကို ရပ်နားထားပါသည်။

Center for Vocational Training-CVT နှင့် ပူးပေါင်းဆောင်ရွက်မှု

၁။      Center for Vocational Training-CVT တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ လူငယ်များ၏ အသက်မွေးဝမ်းကျောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြင့်ပညာများရရှိကာ ဆင်းရဲမှုပပျောက်ရေးနှင့် အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ (MSME) တိုးတက်စေရေး အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချရန် ရည်ရွယ်၍ ၁၆-၈-၂၀၁၃ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ပြီး MOU သက်တမ်းမှာ ၁၆-၈-၂၀၁၃ ရက်နေ့မှ          ၁၅-၈-၂၀၂၃ ရက်နေ့ထိ စုစုပေါင်း (၁၀) နှစ် ဖြစ်ပါသည်။

၂။       CVT သည် ဝန်ကြီးဌာနပိုင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီးရှိ မြေနေရာတွင် နှစ်ထပ်အဆောက်အဦ (၂) လုံးဆောက်လုပ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများဖြစ်သည့် အထောက်အကူပြုသင်တန်း (၅) မျိုးနှင့် အလုပ်သင်ပညာရေးစနစ် (Apprenticeship Training) ကို အပတ်စဉ်တစ်ခုလျှင် (၃) နှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ စုစုပေါင်း သင်တန်းသား (၁၉၃၁) ဦး မွေးထုတ်ခဲ့ပြီးဖြစ်ပါသည်။

၃။      JICA နှင့် ပူးပေါင်း၍ NSSA ၏ မော်တော်ယာဉ်စက်ပြင်အလုပ်အကိုင်နှင့် လျှပ်စစ်အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ NSS Development Project ဆောင်ရွက်ရန် Record of Discussion (R/D) ကို ၂-၄-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းကာလမှာ ၂၀-၈-၂၀၁၈ ရက်နေ့မှ ၁၉-၈-၂၀၂၁ ရက်နေ့ထိဖြစ်ပါသည်။

၄။      JICA သည် NSSA မှ ဆောင်ရွက်နေသော မော်တော်ယာဉ်စက်ပြင်အလုပ်အကိုင် “စံ” သတ်မှတ်ချက် Level 1 မှ Level 4 ထိ ရေးဆွဲပေးနိုင်ရန် ဆောင်ရွက်နေပြီး လျှပ်စစ်အလုပ်အကိုင် “စံ” သတ်မှတ်ချက် Level 1 ကို ပြန်လည်ပြုပြင်ရေးဆွဲရန် ဆောင်ရွက်နေပါသည်။ လက်ရှိတွင် COVID 19 ကပ်ရောဂါကြောင့် စီမံကိန်းလုပ်ငန်းများကို Online မှတဆင့် ဆောင်ရွက်လျက်ရှိပါ သည်။

NPO_AET နှင့် ပူးပေါင်းဆောင်ရွက်မှု

၁။      အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် NPO_AET ပူးပေါင်း၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မန္တလေး) ၌ အလုပ်သင် သင်တန်းသားအစီအစဉ် အထောက်အပံ့ဖြစ်စေရေး အထွေထွေကျွမ်းကျင်မှုသင်တန်းကျောင်း တည်ထောင်ရန် နားလည်မှုစာချွန်လွှာ (MOU) ကို    ၂၃-၁၀-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး MOU သက်တမ်းမှာ (၅) နှစ်ဖြစ်ပါသည်။

၂။       NPO_AET သည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) တွင် သင်တန်း ကျောင်းတည်ဆောက်ရန် မြေနေရာရှင်းလင်းခြင်း၊ မြေသိပ်ခြင်းများ ဆောင်ရွက်ပြီးဖြစ်ပါသည်။

လက်ရှိတွင် COVID 19 ကပ်ရောဂါကြောင့် စီမံကိန်းလုပ်ငန်းများကို ရပ်နားထားပါသည်။