ရွှေလင်ပန်းစက်မှုဇုန်၌ Assessor Methodology သင်တန်းဆင်းပွဲ ဒုတိယဝန်ကြီးတက်ရောက်

အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး ရွှေလင်ပန်းစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် Assessor Methodology သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊  ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားရေးရာဌာနမှ တိုင်းဦးစီး မှူးများ၊  ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) အဖွဲ့ဝင်များ၊ ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု “စံ" သတ်မှတ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ရွှေလင်ပန်း စက်မှုဇုန် ဥက္ကဋ္ဌ၊  CMP အထည်ချုပ် စက်ရုံများမှ သင်တန်းသားများ အပါအဝင်  အင်အား ၁၀၀ ခန့် တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲက ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အထည်ချုပ်အလုပ်အကိုင်ကို အဓိက ဦးစားပေး၍ ကျွမ်းကျင်မှုအကဲဖြတ်ရန်နှင့် အထည်ချုပ် စက်ရုံများမှ သတ်မှတ်အရည်အချင်းပြည့်မီသူများကို ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရန် လျာထား ခဲ့ကြောင်း၊ လုပ်သား အင်အား ၁၀၀၀ နှင့်အထက်ရှိသည့်  စက်ရုံများ၌  Chief Assessor  ၁ ဦး၊ Assessor  ၅ ဦး၊ စုစုပေါင်း ၆ ဦးနှုန်း မွေးထုတ်ပေးရန်၊ အထည်ချုပ်လုပ်ငန်း စစ်ဆေးအကဲဖြတ် ရေးဌာနများ ဦးစားပေး တိုးချဲ့တည်ထောင်ရန် CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ Assessor Methodology သင်တန်းကို ဩဂုတ်လ ၁ ရက်နေ့က  လှိုင်သာယာစက်မှုဇုန်တွင် ပထမအကြိမ် သင်တန်းသား ၇၀ ဦး ကျော်ဖြင့်  ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊

ယနေ့ ရွှေလင်ပန်းစက်မှုဇုန်တွင် ဒုတိယအကြိမ် Assessor Methodology သင်တန်းဖွင့် လှစ်၍ သင်တန်းဆင်းများကို ဂုဏ်ပြုအားပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်းများသည် စာတွေ့၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်ရန်လိုသဖြင့် Trial Test ၂ ကြိမ် ပြုလုပ်ပြီး Chief Assessor နှင့် “စံ" သတ်မှတ်ရေးကော်မတီ၏ ထောက်ခံချက်ရရှိပါက Inspector၊ Assessor အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ကြောင်း၊ Assessor ဖြစ်ပြီးပါက NSSA လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

အထည်ချုပ်အလုပ်အကိုင်အတွက် စစ်ဆေးရေးမှူး ၂၅ ဦးသာရှိ၍ သင်တန်းဆင်းများအနေဖြင့် လုပ်ဖော်ကိုင်ဖက်  အထည်ချုပ်လုပ်သားများကို စစ်ဆေးရေးမှူးများအဖြစ်  ကိုယ်တိုင် စစ်ဆေးအကဲဖြတ်နိုင်မည်ဖြစ်ရာ အထည်ချုပ်လုပ်ငန်းရှိ လူ့စွမ်းအားအရင်းအမြစ်များကို အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရယူစေခြင်းဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားများစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊

မြန်မာ့လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် စက်ရုံ၊ အလုပ်ရုံ များရှိ ဝါရင့် ကြီးကြပ်ရေးမှူးများကို စစ်ဆေးရေးမှူးများ၊ စစ်ဆေးအကဲဖြတ်သူများဖြင့် စဉ်ဆက် မပြတ် လေ့ကျင့်တာဝန်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံ၊ အလုပ်ရုံများရှိ Assessment Center များတွင် လုပ်သားများအား Skills Certificate ပေးအပ်နိုင်ရေး စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းများကို အမျိုးသားရေးစိတ်ဖြင့် အလုပ်ရှင်များက ပူးပေါင်းဆောင်ရွက်ရန် လိုသကဲ့သို့ အလုပ်သမားများကလည်း မိမိတို့အသက်မွေးဝမ်းကျောင်းအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရရှိရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊

လက်ရှိကာလတွင် စစ်ဆေးအကဲဖြတ်မှုများကို နိုင်ငံတော်ဘတ်ဂျတ်ဖြင့် ဆောင်ရွက်ပေး နေခြင်းဖြစ်ရာ အလုပ်သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ထူထောင်ချိန် သတ်မှတ် ထည့်ဝင်ကြေးကို ဥပဒေနှင့်အညီ အလုပ်ရှင်များအား ထည့်ဝင်စေပြီး စစ်ဆေးအကဲ ဖြတ်မှုများကို ပိုမိုဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆင့်မြင့် ကျွမ်းကျင်လုပ်သားများ ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက်ခွင့်ရ၍ သတ်မှတ်အရည်အချင်း ပြည့်မီသူများကို စစ်ဆေးရေးမှူးများဖြင့် ဆက်လက် မွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဆက်လက်၍ Assessor Methodology  သင်တန်းများ ဖွင့်လှစ်ပေးရန်ရှိကြောင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစေမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။