ထိုင်းဘုရင့်နိုင်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့အကြား အုတ်စီအလုပ်အကိုင်နှင့် ပန်းရံအချောကိုင်အလုပ်အကိုင်တို့တွင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်းစနစ်များကို အသိအမှတ်ပြုနိုင် ရေးအတွက် နည်းပညာဆိုင်ရာ အကဲဖြတ်ခြင်းအစီရင်ခံစာ

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည်  လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှု “စံ” များရေးဆွဲခြင်း၊ စစ်ဆေး အကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ကျောထောက်နောက်ခံပြု၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။

          ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုနိုင်ရေးအတွက် NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်းစနစ်များကို ဒေသတွင်း နိုင်ငံများမှ အသိအမှတ်ပြုနိုင်ရေး ရည်ရွယ်၍ ကျွမ်းကျင်မှု အပြန်အလှန်အသိအမှတ်ပြုခြင်းလုပ် ငန်းစဉ် (Mutual Recognition of Skills) ကို ၂၀၁၄ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

          NSSA သည် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာအလုပ်သမားများ အများဆုံး သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော အိမ်နီးချင်း ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ MRS လုပ်ငန်းစဉ်များဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲများတွင် ဆွေးနွေးခဲ့မှုများရ “ထိုင်းဘုရင့်နိုင်ငံနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတို့အကြား အုတ်စီအလုပ်အကိုင်နှင့် ပန်းရံအချောကိုင်အလုပ်အကိုင်တို့တွင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် လက်မှတ်ထုတ်ပေးခြင်းစနစ်များကို အသိအမှတ်ပြုနိုင် ရေးအတွက် နည်းပညာဆိုင်ရာ အကဲဖြတ်ခြင်းအစီရင်ခံစာ” (Technical Assessment Report) လက်မှတ်ရေးထိုးပေးပွဲအခမ်းအနားကို ၁၉-၂-၂၀၂၄ ရက်နေ့တွင် ရုံးအမှတ် (၅၁) အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ အသိသက်သေများအဖြစ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Inspector Mr. Somchart Supharee တို့က ဆောင်ရွက်ခဲ့ပြီး NSSA မှ ကိုယ်စားလှယ်များအဖြစ် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) မှ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး တို့မှလည်းကောင်း၊ ထိုင်းနိုင်ငံ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ်များအဖြစ် ညွှန်ကြားရေးမှူးများမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။